ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား Kyaik Ka San Land Development Pte. Ltd. မှ Chairman ဖြစ်သူ Mr. Takeshi Tanaka ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် Kyaik Ka San Land Development Pte. Ltd. မှ Chairman ဖြစ် သူ Mr. Takeshi Tanaka ဦးဆောင်သော အဖွဲ့အား ယနေ့ ၂၇-၁-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းအတွင်း အားကစားနှင့် ကာယပညာသိပ္ပံအဆောက်အဦအား နိုင်ငံတကာအဆင့်မြှင့်တင်ရန်နှင့် Centarl Business District - CBD မြို့ တည်ဆောက်ရန်ကိစ္စများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။

ဂျပန်နိုင်ငံမှ အိမ်ရာအဆောက်အဦကုမ္ပဏီ (Real Estate) ဖြစ်သော Raysum Co., Ltd ၊ Ikeya Corporation နှင့် Mariana Investment Pte. Ltd. တို့ ပူးပေါင်း၍ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Kyaik Ka San Land Development Pte. Ltd. မှ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့် ကာယပညာ သိပ္ပံအဆောက်အဦအား နိုင်ငံတကာ အဆင့်မြှင့်တင်ရန်နှင့် Centarl Business District - CBD မြို့ တည်ထောင်ရန်အတွက် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ဂျပန်နိုင်ငံ ၌ ကျင်းပမည့် အိုလံပစ်အားကစားမြို့ ဒီဇိုင်းကို တာဝန်ယူ ရေးဆွဲသော Azusa Sekkei ကုမ္ပဏီမှ အဆိုပါ Centarl Business District - CBD မြို့ ဒီဇိုင်းကို ရေးဆွဲ၍ Mitsubishi ကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ AEON Mall ကုမ္ပဏီမှ စူပါမားကတ်များ၊ ဈေးဝယ်စင်တာများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာအဆင့် ဂျပန်နိုင်ငံ ထိပ်တန်းကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည့် ဖော်ပြပါ Centarl Business District - CBD မြို့အား ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရေး၊ စွမ်းအင်ချွေတာရေးနှင့် ထိရောက်စွာ အသုံးချနိုင်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျော့နည်း ရေးနှင့် စွန့်ပစ်ပစ္စည်း ထွက်ရှိမှု အနည်းဆုံးဖြစ်ရေးတို့ကို ဦးတည်၍ တည်ဆောက်သွား မည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော၊ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပေးနိုင်သော၊ ရန်ကုန်မြို့ရှိ အထိမ်းအမှတ် နေရာတစ်ခု ဖြစ်လာမည့်အပြင် အလုပ် အကိုင်အခွင့်အလမ်း များစွာကိုလည်း ဖော်ထုတ်ပေးသွားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။