သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၏(၂၅.၃.၂၀၁၇) နေ့ မြန်မာ့သစ်လုပ်ငန်း၊ အင်ဂျင်နီယာဌာန၊ ပင်မအလုပ်ရုံသို့ သွားရောက်စစ်ဆေးခဲ့သည့် ပြည်တွင်းခရီးစဉ်သတင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂၅.၃.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ ပင်မအလုပ်ရုံသို့ ရောက်ရှိခဲ့ရာ မြန်မာ့သစ်လုပ်ငန်း၊ အင်ဂျင်နီယာဌာန၊ အထွေထွေမန်နေဂျာ ဦးနေဝင်းမှ ပင်မအလုပ်ရုံဧည့်ခန်းမတွင် မြန်မာ့သစ်လုပ်ငန်း၊ အင်ဂျင်နီယာဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုကဲ့သို့ရှင်းလင်းတင်ပြရာတွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ယာဉ်/ယန္တရားများဖြင့် လမ်းဖောက်ခြင်း၊ သစ်ဆွဲခြင်း၊ သစ်တိုက်ခြင်းလုပ်ငန်းများကို ၁၉၆၀ ခုနှစ်၌ အထက်ချင်းတွင်း မော်လိုက်ခရိုင်တွင် စတင်ခဲ့ပါကြောင်း၊ ၁၉၆၃ခုနှစ်တွင် မြန်မာ့သစ်လုပ်ငန်း၌ အင်ဂျင်နီယာဌာနကို စတင်တည်ထောင်ခဲ့ပါကြောင်း၊ စတင်တည်ထောင်ချိန်မှစ၍ ၁၉၇၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ် ဝန်ထမ်းအင်အားတိုးမြှင့်၍ ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အင်ဂျင်နီယာဌာနတွင် အုပ်ချုပ်ရေးနှင့် စီမံကိန်းဌာနစိတ်အပါအဝင်  ဌာနစိတ်(၅)ခုဖြင့် လုပ်ငန်းများဆေင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းအင်အားအနေဖြင့် လက်ရှိအချိန်တွင် ခွင့်ပြုအင်အား၏(၃၀)ရာခိုင်နှုန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာ့သစ်လုပ်ငန်းတစ်ခုတည်းကိုသာသစ်ထုတ်လုပ်ခွင့်ပြုမည်ဖြစ်သဖြင့် အင်ဂျင်နီယာဌာနအနေဖြင့် ယာဉ်/ယန္တရားများ လုပ်ငန်းရာသီအချိန်အတွင်း အပြည့်အဝ အသုံးပြုနိုင်ရေးအတွက် အကြီးစားပြုပြင်၊ ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းကိစ္စများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ယာဉ်/ယန္တရားပြင်ဆင်ရေးအလုပ်ရုံများမှ လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုများနှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေးသင်တန်း ဖွင့်လှစ် ပို့ချနေမှုများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ မူဝါဒအရ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစတင်၍ သစ်ထုတ်ခြင်းကို မြန်မာ့သစ်လုပ်ငန်းမှသာ တာဝန်ယူဆောင် ရွက်ရမည်ဖြစ်ရာ သစ်ထုတ်လုပ်ရန်အတွက် အရေးကြီးသောယာဉ်/ယန္တရားများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များသိရှိနိုင်ရန် ယခုကဲ့သို့လာရောက်စစ်ဆေးရခြင်းဖြစ်ပါကြောင်း၊ သစ်ထုတ်ယာဉ်/ ယန္တရားများနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင်လုံခြုံရေးဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထုတ်လုပ်ရေးယာဉ်/ယန္တရားများပြင်ဆင်ခြင်း၊ ကြံခိုင်ရေးလုပ်ငန်းများကြီးကြပ်ကွပ်ကဲခြင်း၊ စနစ်တကျထိန်းသိမ်းထားရှိခြင်း၊ စစ်ဆေးခြင်းများအတွက် မြန်မာ့သစ်လုပ်ငန်း အင်ဂျင်နီယာဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တင်ပြချက်များ နှင့်စပ်လျဉ်း၍ ဝန်ထမ်းအင်အားလိုအပ်ချက်များရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဝန်ထမ်းလိုအပ် ချက်များကို သက်ဆိုင်ရာဝန်ထမ်းအဆင့်အလိုက် ကျွမ်းကျင်မှုအရည်အချင်းနှင့် ကိုက်ညီသူများ အားဖြည့်စွက်ခန့်ထားနိုင်ရေး၊ ယာဉ်/ယန္တရားများပြင်ဆင်ရာတွင် လိုအပ်သောအရန်ပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့် ဌာနတွင်းဝန်ထမ်းများအတွက် သင်တန်းများဖွင့်လှစ်ပို့နိုင်ရေးတို့အတွက် နှစ်အလိုက် ဆောင်ရွက်သွားမည့် စီမံချက်များ ရေးဆွဲတင်ပြရန်မှာကြားခဲ့ပါသည်။

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးသည် အင်ဂျင်နီယာဌာန၊ ပင်မအလုပ်ရုံအတွင်း ယာဉ်/ယန္တရားကြီးများ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်နေမှုများနှင့် အရန်ပစ္စည်းများသိုလှောင်ထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ပါသည်။