သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့၊ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Wouter Jurgensနှင့်အဖွဲ့ မှ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း

 (နေပြည်တော်၊ ၁၈-၅-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Wouter Jurgens နှင့် Counsellor (Water Affairs) ဖြစ်သူ Mr. Armand Evers တို့အား ယနေ့ ၁၈-၅-၂၀၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေး တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိဆောင်ရွက်လျှက်ရှိသည့် မိတ္ထီလာကန် ထိန်းသိမ်း ရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်မှုဖြင့် ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ရေး၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရေးတို့အပြင် မြန်မာ့ကျွန်းနှင့် သစ်မာများ ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များ၊   သဘာဝတော များအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ဆင်စခန်းများ ဖွင့်လှစ် ဆောင်ရွက်ရေးကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်သည့်လုပ်ငန်းစဉ်များတွင် နည်းပညာနှင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ထောက်ပံ့ကူညီရေး ကိစ္စရပ်များတို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။