နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ အောင်သပြေပင် စိုက်ပျိုးပေး

၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ဇွန်လ(၂၀)ရက်နေ့နံနက် (၇) နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် ၁၇ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အောင်သပြေပင်ကို စိုက်ပျိုးပေးသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ၀န်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက သတ်မှတ်နေရာတွင် အောင်သပြေပင်ကို စိုက်ပျိုး ပေးပြီး ဒုတိယသမ္မတများက ရတနာတန်းဝင်ကျွန်းပင်များကို လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက တမလန်းပင်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာပိတောက်ပင်ကိုလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်က ပျဉ်းကတိုးပင် ကိုလည်းကောင်း သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ၀န်ထမ်းမိသားစုများ ပျိုးပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မြန်မာ ပိတောက်၊ မဟော်ဂနီ၊ ယင်းမာ၊ တမာ၊ ငုရွှေ၊ ပန်းမဲဇလီ၊ မဲဇလီ၊ ရေသင်းဝင်၊ စိန်ပန်း၊ ပနားမားငု၊ တမလန်း၊ မန်ကျည်း၊ ခရေ၊ မယ်ဇယ်၊ သင်္ဘောတည်၊ ပျဉ်းမ၊ သပြေဖြူနှင့် မဏိသြဃ အပါအဝင် ပျိုးပင်စုစုပေါင်း ၄၀၀ ကိုစိုက်ပျိုးခဲ့ကြပါသည်။