ပဲခူးရိုးမဒေသ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးရိုးမဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများပြုစုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝတောထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများအားဇူလိုင် ၂၉ ရက်နေ့တွင်ကြည့်ရှုစစ်​ဆေးခဲ့ ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်း-ပေါက်ခေါင်းပဲခူးရိုးမ ဖြတ်လမ်းမိုင်တိုင်အမှတ် ၅၇/၆ ရှိ ရှုခင်းသာ ရှုရပ်မှ သဘာဝသစ်တောများဖုံးလွှမ်းတည်ရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးက ပဲခူးရိုးမဒေသစိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်အလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ဆက်လက်ထွက်ခွာကာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနက ခပေါင်းကြိုးပြင်ကာကွယ်တော၊ ခုတ်ကွက်ကြီး XVI ၌  ၂၀၁၆ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း ၁၂၅ ဧက၏ ရှင်သန်ပေါက်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည်  တစ်သျူးနည်းဖြင့် မျိုးပွားဆောင်ရွက်ထားသည့်  ကျွန်းစမ်းသပ်စိုက်ကွက်အား ကြည့်ရှုစစ်ဆေး ပါသည်။ ၎င်းနောက် ၂၀၀၀ ပြည့်နှစ်က တည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွားရေးကျွန်းစိုက်ခင်း ဧက၅၀၀ နှင့် ၂၀၀၇ ခုနှစ်က တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း ဧက ၁၀၀၀တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်၊

ပဲခူးရိုးမဒေသသည် မြန်မာ့ကျွန်းသစ်များပေါက်ရောက်ရာ မူရင်းဒေသတစ်ခုဖြစ်သည့် အတွက် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ရပ်ဆိုင်းကာ ပဲခူးရိုးမဒေသ၌ ကျွန်းတောကြီးများ ပြန်လည်ဖြစ်ထွန်း လာစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။