သစ်တောမြေအတွင်း မှီတင်း နေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့် တိုးတက် စေခြင်း စီမံကိန်း”ဆိုင်ရာ ကျွမ်းကျင်သူ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၉-၁၁-၂၀၁၇

နေပြည်တော်ရှိ အမရာဟိုတယ်၌ ၉-၁၁-၂၀၁၇ ရက်နေ့ နံနက် ၈ နာရီက ကျင်းပသည့် အကျိုးသက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ ဥပဒေနှင့် ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက် ခြင်းဖြင့် သစ်တောမြေအတွင်း မှီတင်း နေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့် တိုးတက်စေခြင်း စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ စကားဝိုင်း ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေနှင့် ပြောင်းလဲလာသည့် နိုင်ငံရေး၊ လူမှုစီးပွားရေး အခြေ အနေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိရှိ ထိရောက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူများ ထိရောက်စွာ ပါဝင်နိုင်စေရန်အတွက် မူဝါဒနှင့်ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် လက်ရှိ အနေအထားထက် ပိုမို အားကောင်းစွာ ဖြစ်ထွန်း တည်ရှိစေရေး အတွက် စီစဉ်ဆောင်ရွက်လျှက် ရှိပါကြောင်း။

သစ်တောမူဝါဒရဲ့ ပဓာနကျတဲ့ အခြေခံအချက် (၆)ချက်အနက် အမှတ်စဉ် (၅)တွင် ပြည်သူတို့က ပူးပေါင်း ပါဝင်လာကြစေရန် ဆောင်ရွက်သွား ရမည်ဟု ဖော်ပြထားပြီး ၁၉၉၅ခုနှစ်၊ သစ်တောမူဝါဒတွင် နိုင်ငံဧရိယာ၏ ၃၀%ကို ကြိုးဝိုင်းတောများ၊ ၁၀% ကို ဘေးမဲ့တောနှင့် သဘာဝ တောနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန်နှင့် အမျိုးသား သစ်တောကဏ္ဍပင်မ စီမံကိန်း ရည်မှန်းချက်နှင့် United Nations Framework Convention on Climate Change (UNFCCC), Paris Agreement တို့၏ NDC (Nationally Determined Contribution) ကတိကဝတ်တို့အရ ၂၀၃၀ ခုနှစ်တွင် အဆိုပါ ရည်မှန်းချက် ကို ပြည့်မီနိုင်စေရန်နှင့် လက်ရှိတွင် အမြဲတမ်း သစ်တောနယ်မြေ ၂၄ ဒသမ ၈၉% နှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၅ ဒသမ ၇၉% ကို ဖွဲ့စည်းပြီးဖြစ် ပါကြောင်း၊

FAO, Forest Resources Assessments (FRA2015) အရ နိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂% ရှိပါသဖြင့် သစ်တော ဖုံးလွှမ်းမှု တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းကို ရေးဆွဲပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အကောင် အထည်ဖော်လျှက် ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ကြိုးဝိုင်းကျူးကျော်မှု စာရင်းများအရ ကျူးကျော်နေထိုင်သူ ၁ ဒသမ ၃ သန်းကျော်နှင့် ရွာမြေ၊ သာသနာနှင့် အများပိုင်မြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများမှာ ၁ ဒသမ ၈ ဧကသန်း ကျော်ခန့် ရှိကြောင်း တွေ့ရှိရပါ၍ ကြိုးဝိုင်း တိုးချဲ့ဖွဲ့စည်းသည့်အခါ ဆိုင်ရာ ဆိုင်ခွင့်နှင့် အမွေဆက်ခံ ပိုင်ခွင့်တို့အား ပြန်လည်ဆန်းစစ်ပေးခြင်း၊ ဒေသခံများ၏ မြေနှင့်သစ်တော သယံဇာတ အသုံးပြုခွင့်များ အပေါ် ဥပဒေအရ အသိအမှတ်ပြုမှု ရရှိစေရေး ဒေသခံ ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်ကို လွယ်ကူစေပြီး သစ်တောမြေများ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး အထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များသည် သစ်တော မူဝါဒနှင့် ဥပဒေများကို သုံးသပ် ဆောင်ရွက်ချိန်တွင် ထည့်သွင်း အသုံးပြုသွားနိုင်မှာဖြစ်ပြီး ယနေ့ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် ကျွမ်းကျင် ပညာရှင်များ၏ အမြင်များဖြင့် သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ဖော်ထုတ်နိုင်ရန်အတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးရန် တိုက်တွန်း ပြောကြားသည်။

စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ ဦးစားပေး ခေါင်းစဉ်(၅)ခုကို ရွေးချယ်ပြီး အဖွဲ့ငယ် အလိုက် ကျွမ်းကျင်သူ စကားဝိုင်း ဆွေးနွေးခြင်း၊ ဆွေးနွေး သုံးသပ်ချက်များ အပေါ် အခြေခံ၍ နောက်တစ်ဆင့် လုပ်ငန်းစဉ် များ ဖော်ထုတ်ခြင်း၊ ဆွေးနွေးမှု အနှစ်ချုပ်အား ပြန်လည် သုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ကြသည်။

စကားဝိုင်း ဆွေးနွေးပွဲသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး၊ မြေတိုင်းဦးစီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)