အိန္ဒိယနိုင်ငံ သံရုံးမှ သံအမတ်ကြီး H. E. Mr. Vikram Misri သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အား လာရောက် တွေ့ဆုံ ဆွေးနွေးသည့် သတင်း

နေပြည်တော်၊ ၂၉-၁၁-၂၀၁၇

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် အိန္ဒိယနိုင်ငံ သံရုံးမှ သံအမတ်ကြီး H. E. Mr. Vikram Misri အား ယနေ့ ၂၉-၁၁-၂၀၁၇ ရက်နေ့၊ (၁၁:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးစောဂျွန်ရွှေဘ၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေး တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်  အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြားဆောင်ရွက်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသဘောတူညီချက်အရဖောက်လုပ်မည့် ပလက်ဝ- ဇိုရီပူရ် ကားလမ်း ဖောက်လုပ်ရာတွင် လမ်းအူကြောင်းအတွင်း ကျရောက်သည့် သစ်တော သစ်ပင်များ ဖယ်ရှားနိုင်ရန်နှင့် လမ်းလုပ်ငန်း အတွက် လိုအပ်သည့် လမ်းခင်းကျောက် များထုတ်လုပ်နိုင်ရန် ကိစ္စများနှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ကာလတို၊ ကာလရှည်သင်တန်းများဖွင့်လှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။