ရန်ကုန်မြို့ရှိ ဆွီဒင်နိုင်ငံ သံရုံးက Minister Counsellor ဖြစ်သူ Mr. Johan Hallenborg နှင့်အဖွဲ့ သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အား လာရောက် တွေ့ဆုံဆွေးနွေး သည့် သတင်း

နေပြည်တော်၊ ၁-၁၂-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ရှိ ဆွီဒင်နိုင်ငံ သံရုံးက Minister Counsellor ဖြစ်သူ Mr. Johan Hallenborg ၊ H & M အထည်အလိပ်ကုမ္ပဏီ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Tobias Fischer နှင့် အဖွဲ့အား ယနေ့ ၁-၁၂-၂၀၁၇ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများနှင့် အထည်အလိပ် လုပ်ငန်းများ၌ အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေး၊ ရေနှင့် စွမ်းအင် အသုံးပြုမှု စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်နေမှုများ၊ စွန့်ပစ်ရေသန့်စင်သည့် စက်ရုံတည်ထောင်မှုအခြေအနေများ၊ အထည်အလိပ် လုပ်ငန်းအတွက် အသုံးပြုသည့်ကုန်ကြမ်းများ အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နိုင်မှုများ၊ H & M အထည်အလိပ်ကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်ပတ်သက်၍  ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။