ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက်သစ်တောများ ပြန်လည်တည်ထောင် ထားမှုစစ်ဆေး

နေပြည်တော် ၂၀-၅-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၁၉ ရက်က မြို့ချောင်း- စိန်ကန့်လန့်- မင်းလှ ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက် ဖြတ်သန်းကာ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း(MRRP) လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပြည်သူများ အပန်းဖြေနားနေနိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းက ဆောင် ရွက်လျက်ရှိသည့် မုက္ခာရေတံခွန်ဆင်စခန်းတို့ကို ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ်၌ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (MRRP)သို့ရောက်ရှိရာ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်အုန်းကျော်က ၂ဝ၁၇ ခုနှစ် မိုးရာသီ၌ တည်ထောင်စိုက်ပျိုး ခဲ့သည့် စိုက်ခင်းကို ပြုစုထိန်းသိမ်းစောင့်ရှောက်မှု၊ ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်းအတွက် စိုက်ခင်း အကြိုလုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို တင်ပြသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်နှင့် ဆောင်ရွက်မည့် အစီအမံများအား ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းအောင်မြင်စေရေး အတွက် သစ်မျိုးရွေးချယ်မှု၊ စိုက်ပျိုးမည့် နည်းစနစ်၊ ထိန်းသိမ်း စောင့်ရှောက်မှုများအား လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ သစ်လုပ်ငန်းက ဆောင်ရွက်လျက်ရှိသည့် မုက္ခာရေတံခွန် ဆင်စခန်းသို့ ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီး မြန်မာ့သစ် လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦးက မုက္ခာ ရေတံခွန်ဆင်စခန်းနှင့် ပတ်သက်သည့်အချက်အလက်များ၊ အပန်းဖြေ နားနေရန် လာရောက်ကြသည့် ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆင်စခန်း၌ ဆင်ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ဆင်စားကျက်ဧရိယာ ဆောင်ရွက်ထားရှိမှု၊ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှု၊ ထပ်မံတိုးချဲ့ဆောင်ရွက်မည့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် တောဆင်ရိုင်းများအား တရားမဝင်သတ်ဖြတ်မှု ဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်မှု တို့ကို တင်ပြသည်။

မြန်မာ့သစ်လုပ်ငန်း ဦးဆောင်òန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ဆင်စခန်းပတ်ဝန်းကျင် သစ်ပင်စိုက်ပျိုး ဆောင်ရွက် မည့်အစီအစဉ်၊ ပြည်သစ်ထုတ်ရေးဒေသ၊ သစ်ထုတ်ပြီးအကွက် များ၌ သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးခြင်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆင်ကျန်းမာရေး အထူးဂရုစိုက်ဆောင်ရွက်ရေး၊ ဆင်များ အစားအစာကျွေးမွေးရာ၌ အာဟာရပြည့်စုံ လုံလောက်မှုရှိစေရန် တွက်ချက်ကျွေးမွေးဆောင်ရွက်ရေး၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဆင်စခန်းများတစ်ခုနှင့်တစ်ခု အချိတ်အဆက် ရှိစေရေး ကွန်ရက် တစ်ခုတည်ထောင်ဆောင်ရွက်ရေး၊ အပန်းဖြေလာရောက်ကြသည့် ပြည်သူများ ဘေးအ္တရာယ်မရှိစေရေး၊ ပြည်သူများဆင် အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်၍ ဆင်များအပေါ် ချစ်ခင်မြတ်နိုးလာစေရန် ပညာပေးဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားကာ ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်