ရန်ကုန်မြို့ သီရိလင်္ကာနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၂၂-၅-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ သီရိလင်္ကာနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne အား ၂၂-၅-၂၀၁၈ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေနှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးအောင်ညွန့်သိန်း တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သီရိလင်္ကာသံအမတ်ကြီးအနေဖြင့် တာဝန်ချိန်ပြီးဆုံး၍ သီရိလင်္ကာနိုင်ငံသို့ မပြန်မီ လာရောက်တွေ့ဆုံဂါရဝပြုခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးအခမ်းအနားများတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံမှ လိမ္မာယဉ်ကျေးသည့် ဆင်များ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ကျွန်းသစ်သည် သီရိလင်္ကာ နိုင်ငံတွင် လူကြိုက်များပါကြောင်း၊ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကျွန်းသစ်အရောင်း အဝယ်ကိစ္စများနှင့် မြန်မာ့ကျောက်မျက်ရတနာများ အရည်အသွေးမြှင့်တင်သည့် နည်းပညာ ဆိုင်ရာကိစ္စများ၌ လက်တွဲဆောင်ရွက်နိုင်မည့်အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။