သစ်အခြေခံ စက်မှုလုပ်ငန်းများအနေဖြင့် တန်ဘိုးမြှင့် ကုန်ချောများ ထုတ်လုပ်သွားနိုင်ရေး ကြိုးစား ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှာကြား

နေပြည်တော် ၂၈-၅-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာ့ကျောက်မျက် ရတနာပြပွဲခန်းမ အဆောက်အဦသို့ ရောက်ရှိပြီး မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ကျောက်မျက်ရတနာ အရောင်းဆိုင် များအား စစ်ဆေးကြည့်ရှုခဲ့သည်။ ထို့နောက်တွင် ပထမထပ်ရှိ ကျောက်မျက်ရတနာပြပွဲ ခန်းမ၊ တတိယထပ်ရှိ သင်တန်းခန်းမနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးခန်းတို့အား စစ်ဆေးကြည့်ရှု့ခဲ့ပြီး အသင်းအစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများအား တွေ့ဆုံ ဆွေးနွေးမှာကြားသည်။

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာအေးကျောက်မျက် ရတနာဝင်း အတွင်းရှိ အဆောက်အဦများ၊ ဂိုထောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ် သည်များအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ် ရပ်ကွက်၊ ညောင်သုံးပင် ကျေးရွာအနီး၊ သစ်စက်လမ်းပေါ်တွင် အသစ်တည်ဆောက်ထားသည့် ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးသို့ ရောက်ရှိစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ စီမံခန့်ခွဲမှု၊ သီလဝါ အထူးစီးပွားရေး ဇုန်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက် ထားရှိမှု များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ်၊ ငပ ကျေးရွာအနီး မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက်များ၊ သစ်ကွင်းနှင့် ဆိပ်ခံ တံတားတို့ တည်ရှိရာ Timber Industry Complex သို့ရောက်ရှိခဲ့ရာ အမှတ်(၁၀) ပြည်ပရောင်းသစ်စက်၊ အစည်းအဝေး ခန်းမတွင်တာဝန်ရှိသူများမှ စက်ရုံလုပ်ငန်း ဆောင်ရွက်ခဲ့မှု ၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှုနှင့် ခွဲစိတ်ထွက်ရှိမှု ရာခိုင်နှုန်းများ၊ ကုန်ကြမ်းရရှိမှု၊ ဝင်ငွေနှင့်ကုန်ကျစရိတ် အချိုးများ၊ မီးဘေးကာကွယ် ထားရှိမှုနှင့် စက်ရုံဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် လူမှုရေး ဆောင်ရွက်ပေးမှုများအား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်နှင့် အညီ လုပ်ငန်များ ဆောင်ရွက်ရာတွင် စီးပွားရေးဆန်ဆန် အကျိုးအမြတ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သစ်တောသယံဇာတ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်ထုတ်လုပ်မှုကို လျှော့ချဆောင်ရွက် လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီးလျော့နည်းလာသော သဘာဝတောများ ပြန်လည်ဖြစ်ထွန်း လာစေရေးအတွက် လိုအပ်ပါက သစ်ထုတ်မည့်မူဝါဒကို ပြန်လည် သုံးသပ်သွား မည်ဖြစ်ကြောင်း၊ သစ်အခြေခံစက် မှုလုပ်ငန်းအနေဖြင့် ကုန်ကြမ်းနည်းနည်းဖြင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရန် ကြိုးစား ဆောင်ရွက်သွားရန်လို အပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် အမှတ်(၁၀)သစ်စက်အတွင်း သစ်ခွဲသား ထုတ်လုပ်နေမှု၊ ပဲခူးမြစ် ကမ်းပါး ဘေးရှိ သစ်ကွင်းများနှင့် သစ်ဆိပ်များ၊ အမှတ်(၁)ပုံဖော်စက်ရုံ ၊ နောင်တုံကုမ္ပဏီမှတည်ဆောက် အစားထိုး ပြန်လည်ဆောက်လုပ်ပေးသော ပရိဘောဂစက်ရုံ အမှတ်(၁)၊ (၂) နှင့် (၃) ဆောက်လုပ် ပြီးစီးမှုအခြေအနေများ ၊ အမှတ်(၂)သစ်စက်အတွင်း သက်ကြီးစိုက်ခင်းသစ်များမှ ခွဲသားထွက်ရှိနိုင်မည့် အခြေအနေများအား ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် မေ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ သစ်စေ့နှင့်ပျိုးပင် ထုတ်လုပ်ရေးဌာနဝင်းအတွင်း အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်းတွင် ပထမဆုံးဖွင့်လှစ်ပို့ချသည့် နိုင်ငံအဆင့်သယံဇာတ စာရင်းကောက်ယူခြင်းနှင့် ဆက်စပ်ပတ်သက်သည့် ကာဗွန်ထုတ်လုပ် မှုလျော့ချရေး (REDD +) လုပ်ငန်းစဉ်များသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်းအား စစ်ဆေးကြည့်ရှု့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသားများအဖြစ် မြန်မာနိုင်ငံမှ (၄)ဦးနှင့် အာဆီယံနိုင်ငံများမှ သင်တန်းသား(၁၆)ဦး စုစုပေါင်းသင်တန်းသား (၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ(၅) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)