
၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ (၅)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မန္တလေး မြို့တော်ဝန်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် မိမိတို့ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် အတွက် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးရေး ဆောင်ရွက်ချက်များကို အားပေးနေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အရေးပါသော နေ့ရက် တစ်ရက် ဖြစ်ပါကြောင်း၊
ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဂေဟစနစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့်ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ပြဿနာများကို ရင်ဆိုင် ကြုံတွေ့နေ ကြရပါကြောင်း၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်း များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင် ဖြစ်လာပြီး မိမိတို့၏ ကမ္ဘာကြီးပေါ်တွင် အလေးထား ဖြေရှင်း ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာပါကြောင်း။
ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ် တွေ့ရှိမှုများအရ စွန့်ပစ် ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ပလတ်စတစ်များဖြစ်ပြီး ပင်လယ်၊ သမုဒ္ဒရာများ အတွင်းသို့ နှစ်စဉ် ရောက်ရှိသွားသည့် ပလတ်စတစ် ပမာဏသည် အနည်းဆုံး တန်ချိန် ၈ သန်းခန့် ရှိပါကြောင်း၊
ယင်းအခြေအနေများကြောင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အဖြစ် “ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” “Beat Plastic Pollution” ဟု သတ်မှတ် ထားပါကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချရန်၊ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်း တည်တံ့စေမည့် အခြား နည်းလမ်းများကို အချင်းချင်း မျှဝေပြီး အတူတကွ ပူးပေါင်းရှာဖွေ ဖော်ထုတ် ဆောင်ရွက် ကြရန် တိုက်တွန်းထားခြင်း ဖြစ်ပါကြောင်း။
မိမိတို့ နိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပညာ၊ အရင်းအမြစ်များအပေါ် အခြေခံပြီး စနစ်တကျ စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကိုလည်း ပြန်လည် ပြင်ဆင် ရေးဆွဲကြရမည် ဖြစ်ပါကြောင်း။
တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး၊ ပြန်လည်ပြုပြင် သုံးစွဲနိုင်သည့် ပစ္စည်းများကို ပိုမိုသုံးစွဲရေးကို တိုက်တွန်း အားပေးရန်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရန်တို့ အတွက် လိုအပ်သည့် မူဝါဒများကို ပြောင်းလဲချမှတ် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသည့် ပတ်ဝန်းကျင် ဖြစ်လာအောင် ဖော်ဆောင်သွားနိုင်ရန် အတွက် မျှော်မှန်းပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် အရ 3 R Actions ဟုခေါ်သည့် ထွက်ရှိမှု လျှော့ချခြင်း (Reduce)၊ ပြန်လည် သုံးစွဲခြင်း (Reuse)၊ ပြန်လည် ပြုပြင်သုံးစွဲခြင်း (Recycle) နည်းစဉ်များဖြင့် ဆောင်ရွက်ရန် အမျိုးသားအဆင့်၊ မြို့တော်အဆင့်၊ မြို့နယ်အဆင့် အဆင့်ဆင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
ယခုအခါ မန္တလေး မြို့တော်တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါကြောင်း၊ အခြားမြို့ကြီး၊ မြို့နယ်များတွင်လည်း စွန့်ပစ်ပစ္စည်းဆိုင်ရာ အစီအမံများ မိမိတို့ဒေသ၊ မြို့ရွာနှင့် လျော်ညီအောင် ရေးဆွဲ အကောင် အထည်ဖော်ကြရန် တိုက်တွန်း လိုပါကြောင်း။
ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံ အနေဖြင့်လည်း စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန် ပစ္စည်းများ ပြန်လည် ထုတ်လုပ် သုံးစွဲနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သောက်ရေကို မြေအိုးထဲ ထည့်သုံးခြင်း၊ ဈေးဝယ်ရာတွင် ကြိမ်ခြင်းကို အသုံးပြုခြင်းနှင့် ဖက်ရွက်များကို အသုံးပြု ထုပ်ပိုးခြင်း၊ မြန်မာ့လက်မှု ပညာဖြင့် ပြုလုပ်ထားသည့် ကြိမ်ကုလားထိုင်၊ ဝါးကုလားထိုင် စသည့် အသုံးအဆောင် ပစ္စည်းများကို အသုံးပြုခြင်း စသည့် ဓလေ့ထုံးစံ၊ အလေ့အကျင့် ကောင်းများကို ဆက်လက် ကျင့်သုံးခြင်းသည် ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်း လုပ်ငန်းများကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။
ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ အပါအဝင် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်၊ တတ်နိုင်သမျှ ပြန်လည် ပြုပြင်သုံးစွဲနိုင်ရန်နှင့် စွန့်ပစ် ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်ရန် အတွက် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်း အားလုံး အတူတကွ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၊ ဘာဆယ် ကွန်ဗင်းရှင်း၊ စတော့ဟုမ်း ကွန်ဗင်းရှင်းစသည့် အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များတွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု ကိုလည်း ယခုထက်မက တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
နိုင်ငံသူနိုင်ငံသား အားလုံးအနေဖြင့် တစ်ဦးချင်း တာဝန်သိစိတ်များဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ မဖြစ်လာအောင် ဝိုင်းဝန်း ထမ်းရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ (နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို နိုင်ငံတော်သမ္မတရုံး Website နှင့် Myanmar President Office Facebook Page တို့တွင် ဖော်ပြထားရှိသည်။)
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏သဝဏ်လွှာကို ကုလ သမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခေတ္တညှိနှိုင်းရေးမှူး Ms. Janet Jackson က ဖတ်ကြားသည်။
ယင်းနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UN-Environment) အမှုဆောင် ညွှန်ကြားရေးမှူး Mr.Erik Solheim တို့က ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ဗီဒီယိုဖိုင်တို့ကို ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကာတွန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်း ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည် ကြည့်ရှုကြသည်။