ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အင်းလေးကန် ရေဝေရေလဲဧရိယာနှင့် ဌာနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့နှင့်အတူ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အင်းလေးကန်ရေဝေရေလဲ ဧရိယာအတွင်း နုန်းပို့ချမှု လျော့နည်းစေရေး အတွက် နုန်းတားတမံ တည်ဆောက်နေမှု အခြေအနေ၊ ရေဝေရေလဲ စိုက်ခင်း တည်ထောင် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက် ကြိုးပြင် ကာကွယ်တောသို့ ရောက်ရှိရာ Future Energy Co., Ltd. ၏ မန်နေဂျာ ဦးမျိုးထွဋ် က အင်းလေးကန် အတွင်းသို့ နုန်းပို့ချမှုလျော့နည်း သက်သာစေရေးအတွက် သစ်တောဦးစီး ဌာနနှင့် ပူးပေါင်း၍ ၎င်းတို့၏ကုမ္ပဏီက ကုန်ကျစရိတ်ကျခံကာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ နုန်းတားတမံ ၅၅ ခုအား တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအသစ် တည်ဆောက်ခဲ့သည့် နုန်းတားတမံများ၏ ဒီဇိုင်း၊ ကြံ့ခိုင်မှုစွမ်းအားတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နုန်းတားတမံ တည်ဆောက်ရန် အတွက် နေရာရွေးချယ်မှု မှန်ကန်ရေးမှာလည်း အရေးကြီးပါကြောင်း၊ နုန်းပို့ချမှုများနိုင်သည့် ချောင်းများအား ဦးစားပေး ရွေးချယ် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နုန်းတားတမံ ရေရှည် တည်တံ့စေရေးအတွက် အမြဲပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း၊ ရေစီးသန်သည့် ချောင်းများ၌ တည်ဆောက်ထားပါက ရေတိုက်စားမှုကြောင့် အချိန်တိုအတွင်း ပျက်စီးနိုင်သည့် အတွက် တမံအထက်ပိုင်းတွင် ဇီဝခြံစည်းရိုးအဖြစ် ခြုံနွယ်တက်နိုင်သော အပင်များ စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ရေစီးမသန်သည့်နေရာများတွင် ယူကလစ်၊ ကသစ်၊ မိုးမခ၊ ဘောစကိုင်း၊ မအူ၊ လက်ပံနှင့် ဒေသမြက်မျိုးများ စိုက်ပျိုးရန်ဖြစ်ပါကြောင်း ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာနက အင်းလေး အနောက်ကြိုးပြင် ကာကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးထားသည့် ၂၀၁၈ ခုနှစ်၊ ရေဝေ ရေလဲ စိုက်ခင်း ၅၀ ဧကအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ညောင်ရွှေမြို့နယ်၊ မင်းအနော်ရထာ ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်သည့် အထက် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းဧရိယာအနီး အင်းလေး အနောက်ကြိုးပြင် ကာကွယ်တော အတွင်း ဒေသအခေါ် ပွေးတောင် (ကျောက်တောင်) ဧရိယာ၌ သစ်ပင်ပေါက်ရောက်မှု မရှိသည့် နေရာများတွင် ကွန်တိုကန်သင်း နည်းစနစ်ဖြင့် သစ်ပင် စိုက်ပျိုးရန် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း တည်ရှိသည့် အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တု တူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုလုပ်ကွက်သို့ သွားရောက်စစ်ဆေးသည်။ ယင်းနောက် လုပ်ကွက် ဧရိယာအတွင်းရှိ ရွှေတောင်ကြီး နဂါးရုံ ဘုရားအနီးတွင် အမှတ်တရ ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ်၊ သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများအား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၁၈ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ ထိန်းသိမ်းရေး အတွက် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် ဗက်တီဗာမြက်စိုက်ခင်းနှင့် ဝါးစိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူ များ၏ တင်ပြချက်အပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဇွန် (၂၀)ရက်မှ (၂၉)ရက်အထိ ကျင်းပပြုလုပ် မည့် (၅၅)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအတွက် အကြိုခင်းကျင်း ဆောင်ရွက်နေမှု လုပ်ငန်းများ အား သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)