အာဆီယံ-ကိုရီးယား သစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့် လေ့ကျင့်ပညာပေးရေး (AFoCO RETC) သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် AFoCO အဆောက်အဦဖွင့်ပွဲ အခမ်းအနား

ရန်ကုန် ဇူလိုင် ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အာဆီယံ- ကိုရီးယား သစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသအဆင့် လေ့ကျင့့်် ပညာပေးရေး (AFoCO RETC) သင်တန်းကျောင်း အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသစ်တော ဦးစီးဌာနနှင့် AFoCO အတွင်းရေးမှူးရုံးတို့အား သင်တန်း ကျောင်း တည်ဆောက်ရာတွင် အထောက်အပံ့များစွာပေးသည့်အပြင် AFoCO အဖွဲ့ဝင် နိုင်ငံများ အကြားသစ်တော ပညာသင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများ မြှင့်တင်ရေးတွင်လည်း အထောက် အပံ့များစွာ ပေးသည့်အတွက် အလွန် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် တက်ရောက် ချီးမြှင့်ပေးသည့်အတွက် မိမိတို့သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အထူးသဖြင့် သစ်တောကဏ္ဍ ဆိုင်ရာ ပညာရေး၊ သုတေသနနှင့် သင်တန်းများ အဆင့်မြှင့်တင်ရေးများနှင့် ပတ်သက်၍ စိတ်အားထက် သန်မှု ဖြစ်ပေါ်စေပါကြောင်း၊

ကိုရီးယား-မြန်မာသစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၉၉ ခုနှစ် ကိုရီးယား-မြန်မာ နှစ်နိုင်ငံ သစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့ စည်းခဲ့သည့် အချိန်မှစ၍ စတင်ခဲ့သည်မှာ ယခုဆိုလျှင် (၁၉)နှစ်ရှိပြီ ဖြစ်ပါကြောင်း။

ယနေ့အချိန်ထိ သစ်တောလုပ်ငန်း စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ သိသာထင်ရှားသော အောင်မြင်မှုများလည်း ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် အာဆီယံ-ကိုရီးယား သစ်တောလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်သကဲ့သို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အာရှသစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

အသိသာဆုံးသော အောင်မြင်မှုမှာ AFoCORETC သင်တန်းကျောင်း တည်ဆောက်ပြီးစီးမှုပင်ဖြစ်ပါကြောင်း၊ ဤအောင်မြင်မှုသည် အာရှသစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း၏ မှတ်တိုင်တစ်ခုဖြစ်ပြီး AFoCO အဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ မြှင့်တင်ရေးအတွက်လည်း အထောက်အပံ့ဖြစ်ပေါ်စေပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကိုရီးယားသစ်တော ဦးစီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက အဆိုပါ သင်တန်းကျောင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ကိုရီးယား သစ်တောဦးစီးဌာနမှ ဒုတိယဝန်ကြီး Mr. RyuKwang Su ၊ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံနှင့် AFoCO အဖွဲ့ဝင် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်း ဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာများ၊ AFoCO အတွင်းရေးမှူးရုံးမှ အမှုဆောင်အရာရှိ Dr. Park EunSik ၊ AFoCO အတွင်းရေးမှူးရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Mr. Pham Quang Minh ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ASOF Leader များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ (သတင်းစဉ်)