ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သင်တန်းကျောင်း၊ သင်တန်းခန်းမနှင့် သင်ထောက်ကူပစ္စည်းများ ကြည့်ရှုလေ့လာ

နေပြည်တော် ဇူလိုင် ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ရေတာရှည်ကျေးရွာ၊ ကော့မှူး-ကျိုက်ထော် ကားလမ်း မိုင်တိုင်အမှတ်(၄/ဝ)အနီး တွံတေးကုန်းတန်းကြိုးဝိုင်း၊ ကော့မှူး ကွက်ကြီးအတွင်း International Tropical Timber Organization (ITTO) နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုး တည်ထောင်ထားသည့် ဝါးစမ်းသပ်စိုက်ကွက် (၂၅)ဧကနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော (၁၂၅)ဧကသို့ ရောက်ရှိခဲ့ရာ ကော့မှူးမဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင် ဦးဆောင်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော အသုံးပြုသူများအဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော့မှူးဒေသတွင် အောင်မြင်ဖြစ်ထွန်းသည့် ဝါးမျိုးများနှင့်စပ်လျဉ်း၍ ဒေသခံများ၏ ဓလေ့ထုံတမ်း အတွေ့အကြုံများအရ ဝါးရုံများ စိုက်ပျိုး ပြုစု ပျိုးထောင်ခြင်းနှင့် ခုတ်လှဲ ထုတ်လုပ်ခြင်းနည်းစနစ်များ၊ ဝါးခုတ် အများဆုံး အချိန်၊ ဝါးမျိုးစိတ်အလိုက် ဝါးတစ်လုံး တန်ဘိုးရရှိမှု၊ ဝါးခုတ်လှဲ ထုတ်လုပ်ရောင်းချမှု၊ ဈေးကွက် ရရှိမှုနှင့် အခွန်အခ ပေးဆောင်ရမှုများ၊ ဝါးခြံစိုက်ပျိုးလုပ်ကိုင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စမ်းသပ်ကွက်အတွင်း စိုက်ပျိုးထားသည့် ဝါးမျိုးများအား စစ်ဆေး ကြည့်ရှုခဲ့ပြီး ဝါးရုံများ ပြုစုထိန်းသိမ်းရေး ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာ၊ ကော့မှူး-ကျိုက်ထော်ကားလမ်း မိုင်တိုင်အမှတ် (၂/ဝ)အနီးရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် Hospitality and Catering Training Academy (HCTA) သို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း တာဝန်ရှိသူမှ ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသည့် သင်တန်းခန်းမများနှင့် သင်ထောက်ကူပစ္စည်းများအား လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)