ရန်ကုန်မြို့ရှိ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၆-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်း သည် ရန်ကုန်မြို့ရှိ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး  H. E. Mr. Peter Lysholt Hansen အား ၆-၈-၂၀၁၈ ရက်နေ့၊ (၁၇:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ နှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တို့တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ဒိန်းမတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အရ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်​လျောညီထွေ ဖြစ်စေရေး လုပ်ငန်းစီမံကိန်းအား ရခိုင်နှင့် တနင်္သာရီတို့၌ အကောင်အထည်ဖော်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ ဒီရေရောက်သစ်တော များ ပြန်လည်တည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ဒေသခံများ၏ လူမှုဘဝမြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်​လျောညီထွေဖြစ်စေသည့် အသိပညာတိုးပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ကူးသန်း ရောင်းဝယ်မှု ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်နေမှုများနှင့် အရေးယူ ဆောင်ရွက်မည့်အစီအစဉ်များ၊ မြန်မာ့သစ်ထွက်ကုန်များ ဥရောပဈေးကွက်သို့ တင်ပို့ခွင့် ရရှိရေးအတွက် သစ်ထောက်ခံချက်ရရှိရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။ သတင်းစဉ်