ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဗြိတိန်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၉

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့်အဖွဲ့အား ၉-၈-၂၀၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏ အစိတ် အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆင်အစွယ်၊ သားရေနှင့် အခြားအစိတ်အပိုင်းများ၏ ဝယ်လိုအား တိုးတက်မှုကြောင့် အမဲလိုက် မုဆိုးများ၏ သတ်ဖြတ်ခံရမှုများနှင့် မြွေ၊ သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန် အရှင်များ နယ်စပ်ဖြတ်ကျော် ကူးသန်း ရောင်းဝယ်မှု အခြေအနေနှင့် ထိန်းချုပ်ကာကွယ်မှု အစီအစဉ်များ၊ စားသောက်ဆိုင်များတွင် တောရိုင်းတိရစ္ဆာန် အသားများ ရောင်းချခြင်း မပြုရေး ပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ တောရိုင်းတိရစ္ဆာန် တရားမဝင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လန်ဒန်ညီလာခံနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)