ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း WWF International မှ Director General နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် World Wide Fund for Nature -WWF International မှ Director General, Mr. Marco Lambertini နှင့်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဖွင့်လှစ်မည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး သင်တန်းကျောင်းအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကုလသမဂ္ဂ ဇီဝမျိုးစုံ မျိုးကွဲညီလာခံမှ ချမှတ်မည့် ရည်မှန်းချက်များအရ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်ရာတွင် ဒေသခံများ၏ အခွင့်အရေးများ ထည့်သွင်းရေး၊ ဒေသခံ အစုအဖွဲ့များပါဝင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေသစ် ပြဋ္ဌာန်းပြီးစီးမှု၊ တရားမဝင် အမဲလိုက်မှု၊ တောရိုင်းတိရစ္ဆာန်အရှင်များ၊ အစိတ်အပိုင်းများ ကူးသန်းရောင်းဝယ်မှု အခြေအနေနှင့် ဆက်နွှယ်သည့် ဌာနများနှင့် ပူးပေါင်းထိန်းချုပ် ကာကွယ်မှု အစီအမံများ၊ သဘာဝ နယ်မြေထိန်းသိမ်းရေး၊ သစ်တောပြန်လည် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များ လျှော့ချရေးတို့အတွက် ရန်ပုံငွေရယူ အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းများ၊ လမ်း၊ တံတား စသည့် အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ပတ်ဝန်းကျင်၊ သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲများ အတွက် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး ဆောင်ရွက်သည့် အစီအမံများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ (သတင်းစဉ်)