မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၄

မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး (4th OneMap Myanmar Technical Steering Committee Meeting) အား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ၃.၉.၂၀၁၈ ရက်နေ့၊ ၁၃:ဝ၀ နာရီတွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန) တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အမြဲတမ်းအတွင်းမှ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒတွင် မြေနှင့် သဘာဝ အရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်ရေး၊ မြေနှင့်ပတ်သက်သည့် သတင်းအချက်အလက် များကို အများပြည်သူများပါဝင်သည့် နည်းလမ်းကို စနစ်တကျ မှတ်တမ်းပြုစုရေး၊ မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူများ လွယ်ကူစွာ ရယူအသုံးပြုနိုင်ရေး စသည့် မူဝါဒလမ်းညွှန်ချက် များပါဝင်ကြောင်း၊ မြန်မာအမျိုးသားမြေပုံစနစ်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများတွင် ဌာနအသီးသီး၏ နေရာဒေသနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆိုပါ သတင်းအချက်အလက် များကိုစုစည်း၍ အင်တာနက်ကွန်ရက်ကတစ်ဆင့် ဖြန့်ဝေနိုင်ရေး စသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ စီမံကိန်း လုပ်ငန်းများကို နေပြည်တော်တွင် အခြေပြု၍ ဆောင်ရွက်ပြီး၊ ကနဦးဆောင်ရွက်ခြင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တောင်ငူခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။

အစည်းအဝေးတွင် မြန်မာအမျိုးသား မြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှု ကော်မတီကို မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြန်မာအမျိုးသား မြေပုံစနစ် (OneMap Myanmar) စီမံကိန်းဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာအမျိုးသား မြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဆက်စပ်ဌာန များမှ အကြီးအကဲများ၊ စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များ၊ နည်းပညာပိုင်းဆိုင် ရာ အကူအညီပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းတက္ကသိုလ် (University of Bern)၊ Center for Development and Environment မှ တာဝန်ရှိသူများ၊ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Land Core Group မှ တာဝန်ရှိသူများနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။