ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၅

အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီ တွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားမြေအသုံးချမှု ကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားမြေအသုံးချမှု ကောင်စီ၏ အစည်းအဝေးများကို ၆ လတစ်ကြိမ်ကျင်းပမည် ဖြစ်ပြီး၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်ကျင်းပရန် လျာထား၍  ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်၏ ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည် တင်ပြရမည်ဖြစ်သောကြောင့် အစည်းအဝေး ဆုံးဖြတ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရေးကြီးကြောင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးညှိနှိုင်းကြရန် ပြောကြားပါသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး-မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ သတင်းစဉ်