စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျားထိန်းသိမ်းရေး ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ (Video Conferencing)ဖြင့် တက်ရောက်

၁။      မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသ တွင်း ဝန်ကြီးများအဆင့် ကျားထိန်းသိမ်းရေးညီလာခံကို (၂၁-၁-၂၀၂၂) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီတွင် (Video Conferencing) ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်ကိုယ်စားလှယ်များ တက်ရောက်သည်။

၂။       ရှေးဦးစွာ အိမ်ရှင်မလေးရှားနိုင်ငံ စွမ်းအင်နှင့်သဘာဝသယံဇာတဝန်ကြီးနှင့် ကမ္ဘာ့ကျား ဖိုရမ်ဥက္ကဋ္ဌ ဘူတန်နိုင်ငံ စိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျားကျက်စားရာ နိုင်ငံအသီးသီးမှ ဝန်ကြီးများက မိန့်ခွန်းပြောကြားသည်။

၃။      ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝကျားများ ပြန်လည် ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင်ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ၇%) ကျယ်ဝန်း၍ ကျားအများဆုံး ကျက်စားနိုင်သည့် နေရာဒေသကြီး (၄) ခုရှိကြောင်း၊

၄။      နိုင်ငံအဆင့် ဆောင်ရွက်လျက်ရှိသော အစီအစဉ်(၂)ခုမှာ အမျိုးသားအဆင့် ကျားထိန်းသိမ်း ရေးလုပ်ငန်းစီမံချက်နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ ဖြစ်ကြပြီး အမျိုးသားအဆင့် ကျားထိန်းသိမ်းရေးစီမံချက်ကို စိန့်ပီတာစဘတ် ကြေညာချက်ဖြစ်သည့် “ကျားများနှစ်ဆတိုးပွား”(Tigers Times Two) ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကျားကောင်ရေ နှစ်ဆတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားအဆင့် ကျားထိန်းသိမ်းရေး စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း၊

၅။      တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် တွင် အဓိကလုပ်ငန်းကြီးနှစ်ရပ်ဖြစ်သည့် နေရင်းဒေသ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်းအပေါ် အလေးထားဆောင်ရွက်နိုင်ရန်နှင့် တောရိုင်းတိရစ္ဆာန်များ  ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပြီး ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင် လေ့လာမှုများအရ ကျားကောင်ရေအနေဖြင့်လည်း ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာကြောင်း၊ ကျားအစားခံ သတ္တဝါများလည်း ပေါများမှုရှိလာကြောင်း၊ ကမ္ဘာ့ဘဏ်၏ လေ့လာခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၃၅ မှ ၇၀ အထိ ရှိနိုင်ကြောင်း၊

၆။    မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှ ကျားပြန်လည်တိုးပွားရေး လုပ်ငန်းစီမံချက်၏ အစိတ် အပိုင်းတစ်ခုအနေဖြင့် ကဏ္ဍ(၁)ခု ထည့်သွင်း၍ နိုင်ငံ၏ ကျားထိန်းသိမ်းရေးဦးစားပေးလုပ်ငန်း (၄)ခု ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

၇။    ယခု ဝန်ကြီးအဆင့် ညီလာခံအစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်စေရန်နှင့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေးတွင် နိုင်ငံအဆင့်အကြီးအကဲများအကြား မူဝါဒရေးဆွဲမှုတွင် မြှင့်တင်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေပါကြောင်းနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှုမှ တဆင့် ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သော သဘာဝတောများနေကျား၊ ၎င်းတို့၏ နေရင်းဒေသနှင့် သက်ရှိဇီဝ မျိုးစိတ်အားလုံးကို ထိန်းသိမ်းနိုင်မည့်အပေါ် ယုံကြည်ချက် ရှိပါကြောင်း ပြောကြား ပါသည်။

၈။    ထို့နောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး၊ ကျားထိန်းသိမ်း ရေးဆိုင်ရာ ကွာလာလမ်ပူ ပူးတွဲထုတ်ပြန်ချက်၊ အရှေ့တောင်အာရှ ဒေသတွင်း ကျားပြန်လည် တိုးပွားရေး လုပ်ငန်းစီမံချက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ် ဆန်းစစ်ချက်များကို အတည်ပြု ထုတ်ပြန်သည်။

၉။      ညီလာခံသို့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်၍ ကျား ကျက်စားရာနိုင်ငံ (၁၃)နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။