
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၈-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တော သုတေသနဌာန ဝင်းအတွင်းရှိ ပြောင်းရွှေ့ဝန်ထမ်းမိသားစုများ ယာယီထားရှိရာ တက္ကသိုလ်ဓမ္မာရုံနှင့် အဆောင်များ၊ သစ်တောဓမ္မာရုံနှင့် ဧည့်ရိပ်သာများသို့ သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေးနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးထားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြောင်းရွှေ့ဝန်ထမ်းများထားရှိရာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ နေပြည်တော်တိုင်းရုံးအတွင်း ၁ နာရီ ရေလီတာ ၃၀၀ ထုတ် ရေသန့်စက် တပ်ဆင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေသန့်စက်များ ထပ်မံတပ်ဆင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ သစ်ခွဲစက်ရုံများသို့ သွားရောက်၍ ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သစ်ခွဲသား လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ သစ်လုံးများ ခွဲစိတ်ဆောင်ရွက် နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်စက်များ၏ တစ်ရက် ခွဲစိတ်နိုင်သော သစ်လုံးတန်နှင့် ခွဲသားထွက်ရာခိုင်နှုန်း၊ ထွက်ရှိလာသော သစ်ခွဲသားများအား နေရာသတ်မှတ်၍ စနစ်တကျ စုပုံထားရှိရေး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ သစ်ခွဲသားများ သယ်ယူရရှိနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ကင်းသာသစ်ဆိပ်သို့ သွားရောက်၍ သစ်ဆိပ်လက်ကျန်သစ်မာသစ်လုံး ၂၅၀၀ တန် သယ်ယူခွဲစိတ်မည့် အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်လုံးများအား သစ်စက်များသို့ မြန်ဆန်စွာသယ်ပို့နိုင်ရေး၊ သစ်ဆိပ်တွင် ရွေ့လျားသစ်စက်များ တည်ထောင်ခွဲစိတ် ဆောင်ရွက်ရေးကိစ္စများနှင့် ပတ်သက်၍ မှာကြားခဲ့သည်။