
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ ရုံးအမှတ် ၃၉၊ သစ်တောဦးစီးဌာနဝင်းအတွင်း အိပ်ဆောင်နှင့် ဝန်ထမ်းမိသားစုနေအိမ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ မေလမကုန်မီ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ပြီးစီးသော နေအိမ်များတွင် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်နေမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာများမှ ယာယီနေရာ ရွှေ့ပြောင်းထားသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။ ထို့နောက် ကားပါကင်ဝင်းရှိ အဆောက်အဦ၌ ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် ၂၈၊ ပြည်ထောင်စုဝန်ကြီးရုံးဝင်းအတွင်း ဝန်ထမ်းမိသားစုများနေထိုင်ရန် အဆောက်အအုံများ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာမှ ယာယီရွှေ့ပြောင်းနေထိုင်နေသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။