
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၆,၃၅၄)ဧကရှိသော နယ်မြေကို “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ်အမိန့်ကြော်ငြာစာအမှတ်( ၇၄ /၂၀၂၅) အရ ၁၃၈၇ခုနှစ်၊ဝါဆိုလပြည့်ကျော်(၁၃) ရက်၊ (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှု များအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ပုစွန်စသောရေသယံဇာတများစဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့်ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်း သတ်မှတ်ခြင်းဖြစ်ပါသည်။
ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိက သစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဓမ၊ ပင်လယ်အုန်းစသည့်သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတော သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက် စသည့်ငှက်မျိုးများ၏ နေရင်း ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါ သည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။